သွေးတိုးရောဂါအကြောင်း သိကောင်းစရာများ (Hypertension)

 

သွေးတိုးဆိုတာတော့ လူတိုင်းလောက်နီးပါးကြားဖူးလိမ့်မယ်ထင်ပါတယ်။ အခုခေတ်နောက်ပိုင်းမှာ အသံတိတ်လူသတ်လက်နက်အဖြစ် ထင်ရှားလာပါတယ်။ အသက်ကြီးလာလေ သွေးတိုးဖြစ်ဖို့ များလာလေဆိုပေမယ့်လည်း ပြောင်းလဲလာတဲ့ လူနေမှုပုံစံနဲ့ နေထိုင်စားသောက်မှုဓလေ့တွေကြောင့် အသက်ငယ်ရွယ်သူတွေမှာပါ သွေးတိုးရောဂါ ပေါပေါများများဖြစ်နေကြပါတယ်။ သွေးတိုးရောဂါဟာ လေဖြတ်ခြင်းနဲ့ နှလုံးကြွက်သားပုပ်ခြင်းတို့ရဲ့ အဓိကအကြောင်းရင်းဖြစ်ပါတယ်။ သွေးပေါင်ချိန်တိုင်းတဲ့အခါမှာ နှစ်မျိုးထွက်ပါတယ်။ Systolic and Diastolic blood pressure မြန်မာလိုဆိုရင်တော့ အပေါ်သွေးနဲ့ အောက်သွေးပါ။ နှလုံးက ညှစ်လိုက်တဲ့ဖိအား သွေးကြောတွေအပေါ်မှာ သက်ရောက်မှုပေါ်မူတည်ပြီး သွေးပေါင်ချိန်ကိုတိုင်းတာပါတယ်။ အပေါ်သွေးဆိုတာကတော့ နှလုံးညှစ်လိုက်တဲ့အချိန်မှာ သွေးကြောပေါ်ကို ကျရောက်တဲ့ဖိအားဖြစ်ပြီး အောက်သွေးဆိုတာကတော့ နှလုံးနားလိုက်တဲ့အချိန်မှာ သွေးကြောတွေအပေါ်မှာ ကျရောက်တဲ့ ဖိအားဖြစ်ပါတယ်။ ဥပမာ အပေါ်သွေး ၁၂၀ အောက်သွေး ၈၀ ဆိုရင် နှလုံးညှစ်လိုက်တဲ့အချိန် သွေးကြောတွေပေါ်သက်ရောက်တဲ့အားက ၁၂၀ဖြစ်ပြီး နှလုံးနားနေတဲ့အချိန်မှာ သွေးကြောအပေါ်သက်ရောက်တဲ့အားက ၈၀ ဖြစ်ပါတယ်။ Unit ကတော့ mmHg(millimeter mercury) ဖြစ်ပါတယ်။ သွေးတိုးတယ်ဆိုတာကတော့ အဲဒီ သွေးကြောတွေပေါ်ကျရောက်တဲ့ဖိအားတွေ သာမန်ထက်များနေတာပဲဖြစ်ပါတယ်။
သွေးပေါင်ချိန်ပုံမှန်။
အကောင်းဆုံးဆိုတဲ့သွေးပေါင်ချိန်ကတော့ အပေါ်သွေး ၁၂၀အောက်နဲ့ အောက်သွေး ၇၅အောက်ဖြစ်ပါတယ်။ ဒါပေမယ့် အကြမ်းအားဖြင့် အပေါ်သွေး ၁၀၀ နဲ့ ၁၄၀ကြား အောက်သွေး ၆၀ နဲ့ ၉၀ ကြားကို ပုံမှန်သွေးပေါင်ချိန်လို့ခေါ်ဆိုနိုင်ပါတယ်။
ဘယ်လိုလူတွေ ကုသမှုလိုအပ်နေပြီလဲ။
ဘယ်အချိန်တိုင်းတိုင်း သွေးပေါင်ချိန် ၁၄၀/၉၀ အထက်ဖြစ်နေပြီဆိုရင်တော့ ဒီလူဟာ သွေးတိုးရောဂါရှိနေပြီလို့ ဆိုနိုင်ပါတယ်။ သွေးတိုးရောဂါရှိပြီဆိုပေမယ့်လည်း ချက်ခြင်းကြီး ကုသမှုခံယူစရာမလိုသေးပါဘူး။ (ဒီနေရာမှာ စာအုပ်တစ်ခုနဲ့ တစ်ခု အနည်းငယ်လွဲနိုင်ပါတယ်။) ၁၄၀/၉၀ ၀န်းကျင်ဟာ အပျော့စားသွေးတိုးလို့ခေါ်ပြီး ဒီအခြေအနေမှာ ဆေးဝါးထက်စာရင် နေထိုင်စားသောက်မှုပုံစံပြောင်းခြင်း ဥပမာ လေ့ကျင့်ခန်းလုပ်ခြင်း၊ အသီးအရွက်စားခြင်း တို့နဲ့ထိန်းသိမ်းတာက ပိုပြီးအဆင်ပြေတယ်လို့ဆိုပါတယ်။ ဒါပေမယ့် သွေးပေါင်ချိန် ၁၆၀/၁၀၀ အထက်ရှိနေတဲ့သူတွေ ဒါမှမဟုတ် သွေးပေါင်ချိန် ၁၄၀/၉၀ နဲ့ ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါ တစ်မျိုးမျိုးတွဲနေပြီဆိုရင်တော့ ဆေးဝါးတွေနဲ့ ကုသမှုခံယူရပါတော့မယ်။ ဒီထဲမှာမှ သွေးပေါင်ချိန် အပေါ်သွေး ၁၈၀ကျော် ဒါမှမဟုတ် အောက်သွေး ၁၁၀ကျော်နေရင်တော့ အရေးပေါ်သွေးတိုးရောဂါ (Hypertensive Crisis) လို့ခေါ်ပြီး ကုသမှုမဖြစ်မနေ ခံယူရပါလိမ့်မယ်။
ဘာ့ကြောင့် သွေးတိုးရောဂါဖြစ်တာလဲ။
သွေးတိုးရောဂါကို အဓိကအားဖြင့်တော့ နှစ်မျိုးခွဲခြားပါတယ်။ Primary Hypertension and Secondary Hypertension ဆိုပြီးတော့ပါ။ Primary Hypertension ဟာ သွေးတိုးရောဂါရှိသူစုစုပေါင်းရဲ့ ၉၅ရာခိုင်နှုန်းလောက်မှာဖြစ်ပါတယ်။ ကံဆိုးစွာနဲ့ပဲ Primary Hypertension ဘာ့ကြောင့်ဖြစ်ရတာလဲဆိုတာကို အခုချိန်ထိ လူတွေနားမလည်နိုင်ကြသေးပါဘူး။ ဒီလိုမျိုးဘာ့ကြောင့်ဖြစ်ရတာလဲဆိုတဲ့အကြောင်းရင်းကို နားမလည်ခြင်းက သွေးတိုးရောဂါကို အမြစ်ပြတ်ပျောက်ကင်းစေသော ရောဂါမျိုးမဟုတ်ဘဲ သွေးပေါင်ချိန်ပုံမှန်ဖြစ်နေအောင် ထိန်းထားလို့ပဲရတဲ့ ရောဂါတစ်မျိုးဖြစ်နေစေပါတယ်။ ကျန်တဲ့ သွေးတိုးရောဂါရှင် ၅ရာခိုင်နှုန်းကတော့ Secondary Hypertension လို့ခေါ်တဲ့ နှလုံး၊ ကျောက်ကပ်၊ ဟော်မုန်း တစ်မျိုးမျိုး မူမမှန်ခြင်းကြောင့် ဖြစ်ရတာပါ။ Primary Hypertension နဲ့ကွာတဲ့အချက်ကတော့ အဲလိုမူမမှန်တဲ့ နှလုံး၊ ကျောက်ကပ်၊ ဟော်မုန်းရောဂါတွေကို ပုံမှန်ပြန်ဖြစ်အောင် ကုသနိုင်ပြီဆိုရင် သွေးတိုးရောဂါပါ ပျောက်သွားတာဖြစ်ပါတယ်။
သွေးတိုးရင် ဘာလက္ခဏာတွေပြမလဲ။
သွေးတိုးရောဂါဟာ လက္ခဏာမည်မည်ရရ မပြတတ်ပါဘူး။ ဒီလိုလက္ခဏာမည်မည်ရရ မပြတတ်ခြင်းကိုက သွေးတိုးရောဂါကို ကြောက်ဖို့ကောင်းစေပါတယ်။ ညတုန်းကအိပ်တာအကောင်းပဲ မနက်ကျတော့ လေဖြတ်ပြီးသေနေပြီ၊ ဦးနှောက်သွေးကြောပြတ်သွားပြီ အစရှိတာတွေဟာ သွေးတိုးရောဂါရဲ့ အသံတိတ်လူသတ်တတ်တဲ့ပုံစံကိုပြနေတာဖြစ်ပါတယ်။ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ နားထဲကလေထွက်ခြင်း၊ မူးခနဲ မိုက်ခနဲ ဖြစ်သွားခြင်းတို့တွေက သွေးတိုးနေရင်ပြတတ်တဲ့လက္ခဏာတွေဖြစ်ပါတယ်။ ဒါပေမယ့် လူတိုင်းမှာဖြစ်မနေတတ်ပါဘူး။ တချို့တွေဆိုရင် သွေးပေါင်ချိန် ၂၀၀နားနီးနေတဲ့အချိန်မှာတောင် ခေါင်းမူး ခေါင်းကိုက် ဘာလက္ခဏာမှမပြဘဲ ရှိနေတတ်ပါတယ်။ ဒါ့ကြောင့် သွေးပေါင်ချိန်ကို ပုံမှန်ချိန်ပေးခြင်းကသာလျှင် သွေးတိုးရောဂါရှိမရှိကို အကောင်းဆုံးသိရှိနိုင်ပါလိမ့်မယ်။
သွေးတိုးရောဂါကုသခြင်း။
ကုသတယ်ဆိုတာထက်စာရင် Management(စီမံခန့်ခွဲခြင်း) ဆိုတဲ့စကားလုံးသုံးရမှာဖြစ်ပါတယ်။ သွေးတိုးရောဂါကိုကုသတဲ့အခါမှာ Life style modification(လူနေစားသောက်မှုဓလေ့များ ပြောင်းလဲခြင်း) နဲ့ Medication (ဆေးဝါးများဖြင့်ကုသခြင်း) နှစ်မျိုးလုံးနဲ့ ကုသရပါတယ်။ အများအားဖြင့်တော့ မြန်မာနိုင်ငံကလူအများစု သွေးတိုးရောဂါကိုကုသရာမှာ ဆေးဝါးများကို အားကိုးတာများပြီး နေထိုင်စားသောက်မှုပုံစံကိုတော့ ပြောင်းလဲမှုမရှိခြင်းက သွေးတိုးရောဂါကို မသက်သာပဲရှိစေပါတယ်။
နေထိုင်မှုပုံစံပြောင်းလဲခြင်း။
အဆီလျှော့စားပါ။ ဆေးလိပ်၊ အရက် ဖြတ်ပါ။ အငန်လျှော့ပါ (အငန်ဆိုရင် အများစုပြေးမြင်မိကြတာက ငံပြာရည်နဲ့ ဆားပဲဖြစ်ပါတယ်။ ငံပြာရည်နဲ့ ဆားအပြင် နေ့စဉ်စားသုံးနေကြတဲ့ ငါးပိ၊ ငါးခြောက်၊ အခြား ဆားသိပ်ထားတဲ့အရာများ၊ အချိုမှုန့်၊ ပွအောင် ဖွထားသော အစားအစာများ ဥပမာ အီကြာကွေးပွပွကြီးများ၊ ကိတ်မုန့်ပွပွကြီးများကပါ သွေးတိုးစေပါတယ်။ နောက်ဆုံး ပဲပြုတ်ကို ပွအောင်ဖွတဲ့အခါ ဆော်ဒါသုံးရပါတယ်၊ ဂျုံတွေကိုပွနေအောင် ဆော်ဒါသုံးရပါတယ်။ အဲဒီဆော်ဒါတွေကလည်း သွေးတိုးစေပါတယ်)။ ၀နေရင် ကိုယ်အလေးချိန်လျှော့ပါ။ BMI ကို 25 ကျော်မနေအောင် ထိန်းထားပါ (BMI ကတော့ ကိုယ့်ရဲ့ ကိုယ်အလေးချိန် Kg ကို အရပ် metre နှစ်ထပ်ကိန်းနဲ့ စားရတာဖြစ်ပါတယ်။ စားလို့ရလာတဲ့ရလဒ်က ၁၈ကနေ ၂၅ကြားဆို ပုံမှန်ဖြစ်ပါတယ်။ ၂၅ကျော်ရင် အ၀လွန်နေပါပြီ)။ အသီးအရွက်နဲ့ ငါးများများစားပေးပါ။ နေ့စဉ်လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ လမ်းလျှောက်ပါ။
ဆေးဝါးများဖြင့် ကုသခြင်း။
သွေးတိုးရောဂါဟာ လေဖြတ်ခြင်းနဲ့ နှလုံးရောဂါကို အဓိကဖြစ်စေပါတယ်။ နှစ်ခုလုံးက သေစေနိုင်ပါတယ်။ မသေဘူးဆိုရင်တောင်မှ ဒုက္ခိတဘ၀နဲ့ နေသွားရနိုင်ပါတယ်။ ကြောက်ဖို့ကောင်းသလို ကာကွယ်လို့လည်းရပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက သွေးတိုးရောဂါရှိတဲ့ လူအတော်များများဟာ သွေးတိုးရောဂါကို ကြောက်စရာတစ်ခုအဖြစ် မမြင်နိုင်ကြဘူးဖြစ်နေတယ်။ ဆေးသောက်တဲ့အခါမှာလည်း ကိုယ့်စိတ်ထဲမှာ သွေးတိုးနေတယ်လို့ထင်တဲ့အခါမှသာ သောက်တာမျိုးတွေလုပ်တတ်ကြပြီး ပုံမှန်ဆေးကုသမှုခံယူဖို့ စိတ်မ၀င်စားတတ်ကြဘူး။ ဒါတွေဟာ မြန်မာနိုင်ငံမှာ လေဖြတ်ခြင်းနဲ့ နှလုံးကြွက်သားပုပ်ခြင်းကြောင့် သေဆုံးရတဲ့သူတွေ၊ ဒုက္ခိတဖြစ်ရတဲ့သူတွေ များပြားရခြင်းရဲ့ အဓိကအကြောင်းရင်းပဲဖြစ်ပါတယ်။ သွေးတိုးရောဂါဟာ လုံးဝအမြစ်ပြတ်အောင် ကုသလို့ရတဲ့ရောဂါတစ်မျိုးမဟုတ်တာကြောင့် ပုံမှန်ဆေးကုသမှုခံယူပြီး သွေးပေါင်ချိန်ကို ထိန်းထားဖို့လိုအပ်ပါတယ်။ နေ့စဉ်ပုံမှန် ဆေးသောက်သုံးပြီး သွေးပေါင်ချိန် ထိန်းထားဖို့လိုပါတယ်။ အသစ်အသစ်ထွက်ရှိလာတဲ့ သွေးတိုးကျဆေးတွေ အမျိုးမျိုးရှိပေမယ့်လည်း သွေးကျဆေးအနေနဲ့ အဓိကအားဖြင့်တော့ လေးမျိုးရှိပါတယ်။ Angiotensin Converting Enzyme Inhibitor (ဥပမာ Enalapril, Ramipril)၊ Adrenergic receptor blockers (ဥပမာ Atenolol, Doxazosin, Carvedilol)၊ Calcium Channel Blockers (ဥပမာ Amlodipine, Nifedipine)၊ Diuretics (ဥပမာ Furosemide, Hydroxychlorothiazide, Spironolactone) တို့ဖြစ်ကြပါတယ်။ ဒါ့အပြင် Vasodilators, ARB အစရှိတဲ့ ဆေးအမျိုးအစားတွေလည်းရှိပါသေးတယ်။ အသက်အရွယ်၊ သွေးတိုးရောဂါအခြေအနေ၊ အခြားတွဲဖြစ်နေတဲ့ရောဂါ အစရှိတဲ့အချက်အလက်တွေပေါ်မူတည်ပြီး ဆေးဝါးရွေးချယ်ရတာဖြစ်တဲ့အတွက် ဆေးဝါးနဲ့ကုထုံးတွေကို ခံယူတော့မယ်ဆိုရင်တော့ မိမိဘာသာ စိတ်ကြိုက်ဆေးလျှောက်သောက်တာထက်စာရင် ကျွမ်းကျင်တဲ့ကျန်းမာရေးပညာရှင်နဲ့ တိုင်ပင်ပြီးမှ သောက်သုံးတာက အန္တရာယ်ကင်းပြီး အကောင်းဆုံးဖြစ်နိုင်ပါလိမ့်မယ်။

0 comments:

Post a Comment