ပန်းဂေါ်ဖီစားကြမယ်

လက်တင်ဘာသာစကားဖြစ်တဲ့ Caulis  (မုန်လာထုပ်) နဲ့  Flower (ပန်း) တို့ကို ပေါင်းစပ်ပြီးခေါ်ဝေါ်သော Cauliflower ကို မြန်မာလိုတော့ ပန်းမုန်လာ (သို့) ပန်းပွင့်(သို့) ပန်းဂေါ်ဖီလို့ခေါ်ကြပြီး တစ်နှစ်ပတ်လုံးလိုလို မြန်မာပြည်တွင်းမှာ ရရှိနိုင်ပါတယ်။ အခုလိုဆောင်းဦးရာသီမှာတော့ လှိုင်လှိုင်ပေါပေါ ပိုရတတ်ပါတယ်။ ပန်းဂေါ်ဖီမှာ အရောင်အားဖြင့် အဖြူ၊ အစိမ်း၊ ခရမ်းရောင်နဲ့ တစ်ခါတစ်ရံမှာ လိမ္မော်ရောင်တို့ ရှိတတ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ အဖြူရောင်နဲ့ အစိမ်းရောင်ကိုပဲ အများ ဆုံးတွေ့ရ လေ့ရှိပါတယ်။

WH Foods  ရဲ့ ဓာတ်ခွဲစမ်းသပ်ချက်များအရ ၁ဝဝ ဂရမ်ရှိတဲ့ ပန်းဂေါ်ဖီ (အဖြူ) ထဲမှာ ကျန်းမာရေးကိုအထောက်အကူဖြစ်စေသော

- ပရိုတင်းဓာတ် ၁.၉၈ မီလီဂရမ်
- ကစီဓာတ် ၅.၂ ဂရမ်
- အဆီဓာတ် ဝ.၂ ဂရမ်
- အမျှင်ဓာတ် ၂.၅ ဂရမ်
- ဗီတာမင် A ၈ မိုက်ခရိုဂရမ်
- ဗီတာမင် C ၈၈.၁ မီလီဂရမ်
- ဗီတာမင် E ဝ.ဝ၄ မီလီဂရမ်
- ဘီတာကယ်ရိုတင်း (B Carotene) ၉၃ မိုက်ခရိုဂရမ်
- Lutein + Zeaxanthin  ၄၂ မိုက်ခရို ဂရမ်
- ဗီတာမင် B6 ၆ ဝ.၂၂၂ မီလီဂရမ်
- ဗီတာမင် K ၂ဝ.၂ မိုက်ခရိုဂရမ်
- ဖောလစ်အက်စက် ၅၇ မိုက်ခရိုဂရမ်နဲ့
- ကယ်လိုရီ ၂၅ တို့ အသီးသီးပါဝင်နေပါတယ်။

ဆိုးကျိုးကိုဖြစ်စေတတ်သော ကိုလက်စထရော လုံးဝမပါရှိခြင်းကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းသီးဟင်းရွက် ဖြစ်ပါတယ်။ WH Foods ရဲ့ ထောက်ခံ ချက် မှာတော့ နေ့စဉ် စားသောက်သင့်သော Menu ဖြစ်တယ်လို့ ပါရှိထားပါတယ်။

ပန်းဂေါ်ဖီမှာ ကင်ဆာဖြစ်စေတတ်သော ဓာတ်များကို လျော့ချပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants)  အများအပြားပါဝင်ခြင်း ကြောင့် အစာအိမ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ သည်းခြေအိတ်ကင်ဆာများကို ကာကွယ်တားဆီး ပေးနိုင်ကြောင်း နိုင်ငံတကာကင်ဆာဂျာနယ်များ တွင် ဖော်ပြထားပါတယ်။ ကနေဒါနိုင်ငံ ဆေးသိပ္ပံ ပညာရှင်များ၏ စမ်းသပ်ချက်များအရ ပန်းဂေါ်ဖီ (အဖြူ) ထဲတွင် indole – 3 – Carbinol ဓာတ်တစ်မျိုးပါဝင်နေခြင်းကြောင့် ရင်သားကင်ဆာနှင့် မမျိုးဥအိမ်ကင်ဆာ ကလာပ် စည်းများ တိုးပွားမှုကို ရပ်တန့်စေနိုင်ခြင်းကြောင့် အမျိုးသမီးများ ပုံမှန်စားသုံးပေးသင့်ကြောင့် အကြံပေးထားပါတယ်။ ထို့အပြင် ပန်းဂေါ်ဖီမှာ အမျှင်ဓာတ် လုံလောက်မျှတစွာ ပါဝင်ခြင်းကြောင့် အစာချေစနစ်ကို တိုးတက်ကောင်းမွန်စေပြီး အူမကြီးကို ကောင်းစွာလှုပ်ရှားအလုပ်လုပ်စေ ခြင်းကြောင့် ဝမ်းချုပ်တတ် သူများ အ တွက် သင့်တော်ကောင်းမွန်စေပြီး အူမကြီးကင်ဆာ ဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

Allicin  ဓာတ်ပေါင်းစုပါရှိသဖြင့် နှလုံး ကြွက်သားကို သန်မာစေပြီး နှလုံးသွေးကြောပိတ်ဆို့မှုကို ကာကွယ်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ် အတွက် မလိုအပ်သော ကိုလက် စ ထရောကို ချပေးနိုင်ခြင်းကြောင့်လည်း လေဖြတ်ခြင်းနှင့် နှလုံးကြွက်သားပုပ်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်လောင်းများနှင့် ကိုယ် ဝန်ဆောင် ရန် အစီအစဉ်ရှိနေသော မိခင်လောင်း များ မဖြစ်မနေ စားသုံးသင့်တဲ့ ပန်းဂေါ်ဖီမှာ ဖော်လစ်အက်စစ်ဓာတ် လုံလောက်စွာ ပါဝင်နေ ပါတယ်။

ဗီတာမင် C ၊ မဂ္ဂနီစီယမ်ဓာတ်များနှင့် Beta – Carotene ? Phytonutrients များ ကြွယ်ဝစွာပါရှိခြင်းကြောင့် ခန္ဓာကိုယ်မှာ မလိုအပ်သော Free radical များကို သုတ် သင်ရှင်း လင်းနိုင်ပြီး အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းများကို ကာကွယ်ပေးပါတယ်။ ဗီတာမင်K  နှင့် အိုမီဂါ ၃ ဖက်တီးအက်စစ်များ မြင့်မားစွာပါရှိခြင်းကြောင့် အဆစ် အမြစ်ရောင်ရမ်းခြင်း၊ လေးဘက်နာရောဂါ၊ အဝလွန်ရောဂါ၊ ဆီးချိုရောဂါနှင့် အူမကြီးအမြှေး ရောင်ရမ်းခြင်းရောဂါများကို ကာကွယ်ပေးနိုင် သည့်အပြင် Purine ဓာတ်က ခန္ဓာကိုယ်တွင်း Uric Acid ထုတ်လုပ်မှုကို အားမပေးသည့်အတွက် ဂေါက်ရောဂါကို ကာကွယ်နိုင်ပါတယ်။

ဆံပင်ကျွတ်တတ်သူများနှင့် ဆံပင်ပါးသူများ အတွက် ဗီတာမင် B ပေါများစွာပါသော ပန်းဂေါ်ဖီကို စားသုံးခြင်းဖြင့် ဆံကေသာကို ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ ထို့ အပြင် ဗီတာမင်စီနှင့် Selenium  တို့ ပါဝင်ခြင်းကြောင့် ကိုယ်ခံစွမ်းအားကို တိုးပွားစေနိုင်ပြီး ပြင်ပရောဂါ များ အလွယ်တကူ ကူးစက်ခြင်းတို့မှ ကာကွယ် ပေးနိုင် ပါ တယ်။ ခန္ဓာကိုယ်တွင်းမှ ပျက်စီးနေသော တစ်ရှူးများကို ပြန်လည်ပြုပြင်ရာတွင်လည်း ကူညီပေးနိုင်ပါတယ်။ ကယ်လိုရီအနည်းငယ်သာ ပါဝင်သောကြောင့် ကိုယ်အလေး ချိန်ထိန်းချင်သူ များနှင့် အဝလွန်သူများအတွက် အထူးသင့်တော် ပါတယ်။

ပန်းဂေါ်ဖီအစိမ်းတွင် ရင်သားကင်ဆာဖြစ် စေတတ်သော ဓာတ်တိုးပစ္စည်းကို ဆန့်ကျင်တတ်သော Phytonutrients  များ ပါဝင်ခြင်းကြောင့် ရင်သားကင် ဆာဖြစ်နှုန်း ကို လျှော့ချပေးနိုင်ပါ တယ်။ ပန်းဂေါ်ဖီသည် ကျန်းမာရေးကို အထောက်အကူပြုသည် မှန်သော်လည်း အရာ ရာတွင် တန်ဆေး၊ လွန်ဘေးဆိုသလိုပင် အလွန် အကျွံစားမိ ပါက လေပွစေတတ်ခြင်းကြောင့် အစာမကြေဖြစ်တတ်သူများ၊ လေပွတတ်သူများ အလွန်အကျွံ မစားသင့်ပါ။ ကြေညက်အောင် ဝါးစားပြီး ရေများ များသောက်ပေး ပါ က လေပွ သက်သာစေပါတယ်။

ပန်းဂေါ်ဖီကို ဝယ်ယူရာမှာ အထုပ်ကျစ်ကျစ်၊ ဖြူဖြူ၊ အရွက်စိမ်းစိမ်းကိုရွေးပြီး ဝယ်ရပါမယ်။ ဒါပေမဲ့ မှိုပွင့်လို အပွင့်ဖြူဖြူများနှင့် အပွင့်ပေါ်မှာ အမည်းစက်များပါနေတာကို မရွေးသင့်ပါဘူး။ မှိုပွင့်လို ဖြူဖြူများကို လက်နဲ့သပ်ကြည့်ပါက ပန်းဝတ်မှုန်တွေကဲ့သို့ ပါလာတတ်ပါတယ်။ ထိုအမှုန်များက မှိုတွေပါပဲ။ ရက်ကြာသွားပြီး မလတ်ဆတ်တော့ သည့် ပန်းဂေါ်ဖီတွေမှာ ဖြစ် တတ်ပါတယ်။ ပန်းဂေါ်ဖီကို ကြော်ချက်ရာမှာ အာဟာရ ပိုရအောင်နှင့် ပါဝင်သည့်အာဟာရဓာတ်များ မဆုံးရှုံးရအောင် အရင်ဆုံး ဆားရည်နှင့် စိမ်ပြီး ကြော်ပါက ပိုကောင်းမွန်ပါတယ်။ ထို့အပြင် နွားနို့အနည်းငယ်ထည့်ဖြည့်ပြီး ကြော်ပါက ပိုကောင်းမွန်စေတတ်ပါတယ်။အာဟာရပြည့်ဝကျန်းမာကြပါစေ။

ဒေါက်တာဇာနည်ဝင်း

ရတီကျန်းမာရေး / Yati Magazine:

0 comments:

Post a Comment